Friday, July 20, 2012

အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ လျှော့ချမှု ပို့ကုန်လုပ်ငန်းများအတွက် အခွင့်အလမ်းမသာသေး

အမေရိကန်အစိုးရက စီးပွားရေးကန့်သတ်ချက်များ စတင်ဖြေလျှော့လာသော်လည်း တစ်ဖက်သတ်အနေ အထား ဖြစ်နေပြီး ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းများအတွက် အခွင့်အလမ်း မရနိုင်သေးကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားက နှစ်ပေါင်း ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဇူလိုင် ၁၁ ရက်က တရားဝင်ခွင့်ပြုခဲ့သည်။ ခွင့်ပြုသည့် လုပ်ငန်းများမှာ ရင်းနှီး မြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများသာ ဖြစ်သည်။

“နှစ်ဦးနှစ်ဖက် မျှမျှတတ လုပ်နိုင်ရင် ကောင်းတာပေါ့။ သူတို့ကလည်း ဒီမှာလာရင်းနှီး၊ ဒီကထုတ်ကုန်တွေ လည်း သူတို့ဆီ ပို့တာကို လက်ခံဖို့ ခွင့်ပြုပေးသင့်တယ်”ဟု မက်စ်မြန်မာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုသည်။


ယခု အမေရိကန်နိုင်ငံ၏ စီးပွားရေးဖြေလျှော့ပေးမှုမှာ တစ်ဖက်သတ် အနေအထားမျိုး ဖြစ်နေ ကြာင်း၊ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ လာလုပ်ခွင့်ရသော်လည်း မြန်မာ့ပို့ကုန်များကို လက်ခံရန်အတွက် ကန့်သတ်ချက်များ ရှိနေသေးကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ် သင်းအောင်က ရှင်းပြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ကြားဖြတ်အဆိုတစ်ရပ်ကို ဇူလိုင် ၁၃ ရက်က တင်သွင်းဆွေးနွေးခဲ့သည်။ အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှု များ လျှော့ ချပေးခြင်းသည် အမေရိကန်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက်သာဖြစ်ပြီး မြန်မာနိုင်ငံမှ ပို့ကုန်များနှင့် ငွေလဲလှယ်နှုန်းများအတွက် မပါဝင်သည့်အတွက် တစ်ဖက်သတ် ဖြစ်နေကြောင်းနှင့် ယင်းအချက်အား ပြန်လည်သုံးသပ်ရန် အမေရိကန် အထက်လွှတ်တော်သို့ မေတ္တာ ရပ်ခံကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၁၆ ရက်တွင် လွှတ်တော်၌ မှတ်ချက်ပေး ပြောကြားသွားသည်။

ထို့အပြင် ကိုယ်စားလှယ်များကိုလည်း နိုင်ငံနှင့်ပြည်သူအတွက် မျှတသည့် အစီအစဉ်များနှင့် ပုံမှန်ငွေ လဲနှုန်း ရရှိရေး ဆောင်ရွက်ပေးနိုင်ရန် စွမ်းဆောင်ပေးနိုင်သည့် မည်သူမဆို လုပ်ဆောင်ပေးရန် တိုက် တွန်းကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အမေရိကန်-အာဆီယံ စီးပွားရေးဆက်ဆံရေးအရာရှိမစ္စတာ Anthony Nelson က “ဒါကဆောင်ရွက်ဆဲ လုပ်ငန်းပါ။ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ၊ အဆိုတွေ အများကြီးရှိပါသေးတယ်။ နောက်၂ နှစ်လောက်ဆိုရင်တော့ ဒီထက်အများကြီးကို လုပ်လို့ရလာမှာ ပါ”ဟု ပြောသည်။

အာရှနှင့် ဥရောပမှ စီးပွားရေးအင်အားကြီး နိုင်ငံများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန် ခြေလှမ်း သွက်လျက်ရှိသဖြင့် အမေရိကန်သည် ပိတ်ဆို့အရေးယူမှု ဆက်ထားပါက ယင်းနိုင်ငံများ လက်ဦးမှု ပိုရသွား မည်ဖြစ်သည်။ ထိုကြောင့် အမေရိကန်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ မှုများ ပူးပေါင်းလုပ်ကိုင်ရန် တိုးမြှင့်သွားမည်ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားကြောင်း ဇူလိုင် ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

“ပို့ကုန်၊ သွင်းကုန်ပေါ်မှာ ငွေပေးငွေယူ ဘဏ်စနစ် အဆင်ပြေသွားရင်တော့ အပိုကုန်ကျမှုစရိတ်တချို့ သက်သာတာပေါ့။ဘယ်လောက်ထိ အခွင့်အရေး ရမယ်ဆိုတာ ကိုတော့ စောင့်ကြည့် ရမယ်”ဟု မြန်မာနိုင် ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးကဆိုသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို အားပေးရန် အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၀င်ရောက်လုပ်ကိုင်နိုင်ရန် ဘဏ္ဍာရေးကန့်သတ်မှုများကို ဧပြီ ၁၇ ရက်မှ စတင်လျှော့ပေးခဲ့သည်။ ပြည်တွင်း၌ ရွှေ့ပြောင်းနေထိုင်သူများအား အကူအညီပေးခြင်း၊ အင်္ဂလိပ်ဘာ သာကျောင်းများ ကူညီခြင်း၊ အ၀တ်အထည်၊ ဆေးဝါးများ ပေးအပ်ခွင့်ပြုခြင်းနှင့် အမေရိကန်သာသနာပြု အဖွဲ့များအား ငွေကြေးသုံးစွဲခြင်းကို ခွင့်ပြုခဲ့သည်။

ထို့အပြင် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း မှလွဲ၍ တစ်နှစ်ဆိုင်းငံ့ပေးခဲ့သည်။ သို့သော် ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ (LDC) စီးပွားရေးဖွံ့ဖြိုးမှုအနည်း ဆုံး စာရင်းဝင်နိုင်ငံများကို ပေးသည့် အထူးအခွန်သက်သာခွင့်က ကျန်ရှိနေသေးသဖြင့် မြန်မာချုပ် ထည်နှင့် ရေထွက်ကုန်များ တင်ပို့နိုင်ခြင်း မရှိသေးပေ။ အထူးအခွန် သက်သာခွင့်ရပါက ရေထွက်ကုန်၊ အ၀တ်အထည်များပေါ်တွင် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ သွင်းကုန်အခွန်အဖြစ် ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းကြား ပေးရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

Myanmar Express

No comments:

Post a Comment