Thursday, July 26, 2012

ဒစ်ဂျစ်တယ်မီတာပြောင်းလဲတပ်ဆင်ရေးစီမံချက်ကို စတင်

         ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသုံးပြုလျက်ရှိ သည့် ဒစ်ဂျစ်တယ်လျှပ်စစ်မီတာစနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုရေး အတွက် စတင်သည့် အနေဖြင့် ဇူလိုင်လ ၁၅ ရက် နေ့တွင် နေပြည်တော် လယ်ဝေးမြို့၌ စတင်အသုံးပြု ပြီဖြစ်သည်။
            ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်း စီမံကိန်း၌ တစ်နှစ်လျှင် အလုံးရေ တစ်သိန်းခန့် သုံး စွဲနိုင် ရန် မျှော်မှန်းထားကြောင်း သိရ သည်။ နိုင်ငံတော်ဘဏ္ဍာ ငွေပေါ်မူတည်ပြီး ကျန်ရှိနှစ်များတွင် အလုံးရေ တိုးချဲ့တပ်ဆင်မည်ဖြစ်သည်။
နေပြည်တော်၊ လယ်ဝေး မြို့နယ်ရှိ မီတာလုံးရေ ၄,၀၀၀ ခန့်ကို ဦးစွာတပ်ဆင် ပြီး မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့ကို တပ်ဆင်သွား မည်ဖြစ်သည်။ ထို့နောက် မြို့ကြီးများကို ဦးစားပေးအနေဖြင့် တပ်ဆင် မည်ဟု အမှတ်( ၂ )လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ဦးဆောင်ညွှန် ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။
        "ဌာနနဲ့ နီးတဲ့အတွက် လယ်ဝေးမြို့ကို ရွေးလိုက်တာပါ။ ဒီကနေ တပ်ဆင်တဲ့ အခါမှာ ဘယ်လို အခက် အခဲတွေရှိမယ် ဆိုတာ အတွေ့အကြုံ ကောင်းတွေယူမှာပါ။ မြို့ကြီးတွေကို တပ်ဆင်တဲ့အခါမှာ အခက်အခဲ မရှိတော့ဘူးပေါ့"ဟု ၎င်းက ပြောသည်။
          ယခုနှစ် မေလအထိ အသုံးပြုနေသည့် မီတာလုံးအရေသည် ၉၀၆,၅၇၅ ရှိသည့် ရန်ကုန်မြို့တွင် ဒစ်ဂျစ် တယ်မီတာများ ပြောင်းလဲ တပ်ဆင်မှုကို စက်မှုဇုန်များ၌ ပထမဆုံးဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည် ။ မြန်မာတစ်နိုင်ငံလုံးတွင် သုံးစွဲနေသည့် မီတာ အလုံးရေ သည် မေလအထိ ၂,၄၅၃,၈၅၆ လုံး၊ မန္တလေး မြို့တွင် အလုံး ရေ ၃၅၄,၀၇၄ နှင့် နေပြည်တော်တွင် ၇၀,၀၀၀ လုံးတို့ဖြစ်သည်။
          ဒီဂျစ်တယ်မီတာ တစ်လုံးလျှင် ကျပ် ၇၅,၀၀၀ နှင့် ကြိုးများပါ တပ်ဆင်ပြီး သည်အထိ ကျပ် ၈၅,၅၀၀ တန်ဖိုးကျသင့် ပြီး ယခု လဲလှယ် ပေးခြင်းကို အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန က ကျခံဆောင် ရွက် ခြင်းဖြစ်သည်။ မီတာဖတ်ရှုရာတွင် ပေ ၃,၀၀၀ အတွင်းရှိ မီတာတို့၏ ယူနစ်များ အလို အလျောက် ဖတ်နိုင်သည့် Hand Held Unit ဖြင့် လူတစ်ဦးလျှင် တစ်နာရီ မီတာ အလုံးရေ ၆၀၀ ကို ယူနစ်များ ဖတ်ရှု ကောက်ယူနိုင်သည်။
            ဒစ်ဂျစ်တယ်မီတာတွင် ယူနစ်ဖတ် ဂဏန်းရှစ်လုံးပါဝင်ပြီး ဒသမ ၃ နေရာ အထိ တိကျစွာ ဖတ်နိုင် မည်ဖြစ်သည်။ မီတာလုံး လေးလုံး ပါဝင်သည့် ပုံးခွံကို ရာသီဥတုဒဏ်နှင့် ထိခိုက်ပျက်စီးမှုခံနိုင် သည့် Polycarbonate ဖြင့် ထုတ်လုပ် ပြီး ဓာတ်တိုင်များတွင် တပ်ဆင် သွားမည် ဖြစ်သည်။

No comments:

Post a Comment